Tuesday, February 16, 2010

လပွတ္တာ သုံးမိုင် မြို့သစ် လူဦးရေ တစ်သောင်းဖြင့် စတင် တည် ထောင်မည်ဟုဆို

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း အဆိုးရွားဆုံး ခံခဲ့ရသော လပွတ္တာခရိုင် အတွင်းတွင် လပွတ္တာ သုံးမိုင် မြို့သစ် တည်ထောင်ရန် မြေကွက်များ စတင် ရောင်းချလျက် ရှိပြီး အဆိုပါ မြို့သစ်တွင် မြေကွက်ပေါင်း ၂၅ဝဝ ကွက် ရောင်းချကာ လူဦးရေ တစ်သောင်းဖြင့် မြို့သစ်ကို စတင်တည်ထောင်သွားမည် ဖြစ်ကြောင်း လပွတ္တာခရိုင် မြို့ကွက်သစ် ချထားရေး ကော်မတီ ထံမှ စုံစမ်း သိရှိရသည်။ယင်းမြို့သစ်ကို ဧရာဝတီတိုင်း လပွတ္တာခရိုင် လပွတ္တာ မြို့ဟောင်းနှင့် သုံးမိုင်အကွာ ပင်လယ်ရေမျက်နှာပြင် အထက် ၁ဝ ပေ မှ ပေ ၃ဝ ရှိ လပွတ္တာ -မြောင်းမြ ကားလမ်း ပေါ်တွင် တည်ထားခြင်း ဖြစ်ပြီး လူနေအိမ် မြေကွက်များ ၊ ရေလုပ်ငန်းများ လုပ်ကိုင် နိုင်သော အအေးခန်း စက်မှုဇုန် မြေကွက်များ ပါဝင်မည် ဖြစ်ကြောင်း လပွတ္တာခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် တစ်ဦးက ပြောကြားသည်။

မြို့သစ်တွင် ခရိုင်အဆင့် အစိုးရ ဌာနဆိုင်ရာ ရုံးများ၊ ရဲစခန်း၊ ခုတင်၂ဝဝ ဆံ့ဆေးရုံ၊ အခြေခံ ပညာ ကျောင်းများ၊ အားကစားကွင်း၊ မီးသတ်၊ အဝေးပြေး ယာဉ်ရပ်နား စခန်း၊ ဆိပ်ကမ်းများ အပါအဝင် မြို့အင်္ဂါရပ် နှင့် ညီညွတ် ပြည့်စုံမည့် လိုအပ် ချက်များကို ဖြည့်ဆည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ရှင်းပြသည်။

မြို့သစ်တွင် မြေကွက်များ ရောင်းချရာ၌ ပေ ၁ဝဝ ပတ်လည် မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၂ဝ၊ ပေ ၈ဝပတ်လည် မြေကွက် တစ်ကွက်လျှင် ကျပ်၁၅ သိန်း၊ ပေ၈ဝxပေ ၆ဝ မြေကွက် တစ်ကွက်လျှင် ကျပ် ၁ဝ သိန်း၊ ပေ ၆ဝxပေ ၄ဝ မြေကွက် တစ်ကွက်လျှင် ကျပ်ငါးသိန်း၊ အအေးခန်း စက်မှုဇုန် တစ်ဧက မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၈ဝ ဖြင့် ဝယ်ယူ နိုင်ကြောင်း၊ မြေကွက်များ တွင် အဆောက်အအုံများ ဆောက်လုပ် ပြီးသည်နှင့် မြေပိုင်ဆိုင်မှု အဖြစ် နှစ် ၃ဝ မြေငှား ဂရန် ထုတ်ပေးမည် ဖြစ်ကြောင်း လပွတ္တာ ခရိုင် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက တရားဝင် ထုတ်ပြန်သည်။

''မြေကွက် ၂၅ဝဝ မှာ မြေကွက်၎ဝဝ ကျော်ရောင်းချပြီးပါပြီ။ မြေကွက်ဝယ်ပြီးတာနဲ့အိမ်ဆောက်ရမှာပါ'' ဟု လပွတ္တာ ခရိုင် အရာရှိတစ်ဦးက ပြောကြားသည်။ မြို့သစ် မြေကွက် များကို လပွတ္တာ မြို့နေ ပြည်သူ များက စိတ်ဝင်စားမှု များပြီး လပွတ္တာ ခရိုင် ကျေးရွာများနေ ပြည်သူများက စိတ်ဝင် စားမှု နည်းပါးကြောင်း ဒေသခံ များထံမှ သိရှိရသည်။ ၂ဝဝ၈ ခုနှစ် မေလ အတွင်းတိုက် ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လပွတ္တာ ဒေသအတွင်း လူအသေအပျောက် နှင့်ပျက်စီးမှု အများဆုံး ကြုံတွေ့ခဲ့ ရပြီးနောက် လပွတ္တာ မြို့နယ်ကို လပွတ္တာ ခရိုင် အဖြစ် တရားဝင် တိုးမြှင့် ပေးခဲ့သည်။

0 comments:

Post a Comment