Tuesday, February 16, 2010

မုံရွာ ကုန်စည်ဒိုင် ရောင်းဝယ်သည့် ပုံစံပြောင်း၊ ဝယ်သူက ၂ ရာခိုင်နှုန်း ပေးသည့် ဓလေ့ ပယ်ဖျက်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉

မုံရွာ ဒေသ တွင် ၁၉၇ဝ ပြည့်နှစ် ဝန်းကျင်မှ စတင်၍ နှစ်ပေါင်းများစွာ အသားကျ နေသည့် ဆီထွက် သီးနှံ (နှမ်း၊မြေပဲ) များ ရောင်းဝယ်ရာ၌ ဝယ်သူက ဈေးနှုန်း ပေါက်ဈေး အပြင် ၂ ရာခိုင်နှုန်း အပိုဆောင်း ထပ်မံပေးရသည့် အရပ်ဓလေ့ကို မုံရွာ ကုန်စည်ဒိုင်၌ လာမည့် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စတင် ပယ်ဖျက်တော့မည် ဖြစ်ကြောင်း ယင်း ကုန်စည်ဒိုင် အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ပုံစံသစ်အရ မုံရွာဒေသ ဆီထွက်သီးနှံ ရောင်းဝယ်ကြသော ကုန်သည် ပွဲစားများသည် ကုန်စည်ဒိုင်တွင် ရောင်းချရာ၌ ပဲမျိုးစုံ ရောင်းချသည့် ပုံစံအတိုင်း ဆီထွက် သီးနှံများ ကို ရောင်ဝယ်နိုင် ကြမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ ''ဥပမာ ပြောရရင် ပဲတစ်တင်း နှစ်သောင်း ဈေးရောင်း ဖြစ်တယ် ဆိုရင် ကုန်သည် ပွဲစားက ရောင်းတဲ့ တောင်သူကိုအလုပ်သမားခ ကော်မရှင် ဖြတ်ပြီး ၁၉,၇ဝဝ လောက်နဲ့ ရှင်းပေးရတယ်။ ဒါပေမဲ့ နှမ်းနဲ့ မြေပဲကျတော့ တစ်တင်း နှစ်သောင်းဆိုရင် ကုန်သည် ပွဲစားက ၂ ရာ ခိုင်နှုန်း ထပ်ဆောင်း ပေးပြီး တောင်သူကို ၂ဝ,၄ဝဝ အသားတင် ပေးရတယ်။

အခု အဲဒီ ဓလေ့ကို ပယ်ဖျက်တာပါ'' ဟု မုံရွာ ဒေသခံ ကုန်သည် ပွဲစားကြီး တစ်ဦးက ရှင်းပြသည်။ ထိုကဲ့သို့ အလေ့အထ သည် မုံရွာ ဒေသ၌ ဆီထွက် သီးနှံများ ရောင်းဝယ် ကြရာတွင် နှစ်ပေါင်း ၃ဝ ခန့် ရောင်းဝယ် ဖောက်ကားခဲ့သော အရပ် အလေ့အထ ဖြစ်ပြီး ဒေသတစ်ဝိုက် ထွက်ရှိသည့် ဆီထွက် သီးနှံများကို အခြား ဒေသများမှ လာရောက် ဝယ်ယူနိုင်ခြင်း မရှိရန် ကျင့်သုံးခဲ့သည့် အလေ့အထဟောင်း တစ်ရပ် ဖြစ်ဟန်တူကြောင်း မုံရွာမြို့ စိုးမိုးထွန်း ဆီစက် လုပ်ငန်းရှင်က သုံးသပ် ပြောကြားသည်။တစ်နိုင်ငံလုံးရှိ ကုန်စည်ဒိုင် များ၌ တစ်ပိဿာ ဈေးကို 'စံ'အဖြစ် ရောင်းဝယ်ကြရန် သတ်မှတ်မှုမှာ မုံရွာ၌ ယခုအထိ အသားကျ၍ အများစု ရောင်းဝယ်ကြ သည်ကို မတွေ့ရကြောင်း၊ ယခု စံနှုန်းတင် ဈေးဖြင့်သာ ပြောဆို ရောင်းဝယ်လျက် ရှိကြောင်း မုံရွာမှ လာသော သတင်းများအရ သိရှိရသည်။

မုံရွာ ကုန်စည်ဒိုင်၌ လာမည့် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ယခင်က ပဲ၊ နှမ်းများ ရောင်းဝယ်ရာ ထည့်သွင်း သတ်မှတ်သည့် ပီနန်အိတ် အလေးချိန်ကို ယခင် ပီနန်အိတ် တစ်လုံး ၂၅ ကျပ်သား သတ်မှတ်ရာမှ ၁၂ ကျပ်ခွဲသား နှုန်းဖြင့် ပြောင်းလဲရန်နှင့် ရောင်းဝယ်မှု အငြင်းပွားမှုများ အတွက် ယခင် ရိုးရိုးကတ္တားများ အစား ဒစ်ဂျစ်တယ် စနစ်သုံး ကတ္တားများ ဖြင့်သာ ရောင်းဝယ်ကြရန် မုံရွာ ကုန်စည်ဒိုင် အမှုဆောင် အဖွဲ့က ဆုံးဖြတ်လိုက်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကမူ မြန်မာတစ်နိုင်ငံလုံး ကုန်စည်ဒိုင်များ ပိဿာ အခြေပြု စံထား ရောင်းဝယ်ရန် ၂ဝဝ၉ ခုနှစ်တွင်းက သတ်မှတ်ခဲ့သော်လည်း ရန်ကုန်တွင် တစ်တန်ဈေး၊ မုံရွာ၊ မန္တလေးတို့တွင် တစ်တင်းဈေးတို့သာ ယခင်တိုင်း ရောင်းဝယ်လျက်သာ ရှိသည်ဟု ကုန်သည်များထံမှ စုံစမ်း သိရှိရသည်။

UMFCCI အဖွဲ့ဝင် ပဲ၊ နှမ်း ကုန်သည်ကြီး တစ်ဦးက ယခုကဲ့သို့ ဆီထွက်သီးနှံ ရောင်းဝယ်ရာတွင် ဝယ်သူက ၂ ရာခိုင်နှုန်း ပေးရသည့် အလေ့အထမှာ မြန်မာ တစ်နိုင်ငံလုံး မုံရွာ ဒေသ၌သာ ကျင့်သုံးသည့် ထူးခြားသော အလေ့အထ ဖြစ်ကြောင်း The Voice Weekly သို့ သုံးသပ် ပြောကြားသည်။

0 comments:

Post a Comment