Wednesday, March 3, 2010

Thursday, February 18, 2010

ဆင်ဆာမဲ့စီဒီ ၃၆ဝဝ ချပ်မြောက်ဥက္ကလာပတွင်ဖမ်းမိ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉

ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်ရှိ နေအိမ် တစ်ခုတွင် ဇန်နဝါရီလ ၁ဝရက်က ဆင်ဆာမဲ့ အခွေ ၃၆ဝဝ ချပ် ဖမ်းဆီး ရမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိ ရသည်။ မြောက်ဥက္ကလာပ မြို့နယ် (၁ဝ) ရပ်ကွက် သုနန္ဒာ ၁ဝ လမ်း၊ အမှတ်-၂၅၃ နေအိမ်၌ အသက် ၂၅ နှစ် အရွယ်ရှိ ဦးထွန်းထွန်းနိုင် နှင့်အတူ ဆင်ဆာမဲ့ စီဒီချပ်များ တွေ့ရှိရခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ မှူးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်ဆာမဲ့ ခွေများနှင့် ပတ်သက်၍ အရေးယူ ရာတွင် ယခင်က ဒဏ်ငွေ ကျပ်သုံးသောင်းမှ တစ်သိန်းခွဲ အထိ အရေးယူ ဆောင်ရွက် ခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလမှ စ၍ ထောင်ဒဏ် ခြောက်လမှ သုံးနှစ် အထိ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ဆင်ဆာမဲ့ ခွေများကို ငှားရမ်းသည့် ဆိုင်များ၊ ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းများနှင့် နေအိမ်၌ ငှားရမ်း ကြည့်ရှုသူများ ကိုပါ လိုက်လံ စစ်ဆေး အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဆိုပါ စစ်ဆေး အရေးယူ ဆောင်ရွက်မှုများကို ပြည်နယ်နှင့် တိုင်းများရှိ မြန်မာနိုင်ငံ ဗီဒီယို အခြေခံအဖွဲ့ တည်ရှိသည့် နေရာများတွင် လုပ်ဆောင် သွားမည်။
ဖြစ်ကြောင်း မြန်မာနိုင်ငံဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ ဆင်ဆာမဲ့အခွေများ ဖမ်းဆီးရမှုကို မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ (ပ) ၇၃/၁ဝ ဗီဒီယိုအက်ဥပဒေ ၃၂ (က) (ခ) တို့ဖြင့် အမှုဖွင့်အရေးယူလျက်ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွား

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆

လူဦးရေ ခြောက်သန်း ခွဲခန့် နေထိုင်သည့် မြန်မာ နိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ ဥစားကြက် မွေးမြူရေးခြံ တစ်ခြံ၌ ဖေဖော်ဝါရီ လဆန်းက ကြက်ငှက် တုပ်ကွေး ရောဂါ ပြန်လည် ဖြစ်ပွား နေကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနက ဖေဖော်ဝါရီလ ၆ရက်က တရားဝင် သတင်း ထုတ်ပြန်သည်။ အဆိုပါ ကြက်ခြံ၌ ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွား နေမှုနှင့် ဆက်စပ်၍ မြောက်ဥက္ကလာပ မြို့နယ်ရှိ ဈ ဈေးနှင့် ဈေးအချို့တွင် ကြက်သား ရောင်းချမှုကို ဖေဖော်ဝါရီလ ၆ ရက်မှစတင်၍ သက်ဆိုင်ရာက ယာယီ တားမြစ် ထားကြောင်း၊ ကြက်သားကို ဈေးအတွင်း ရောင်းချ နေသူများ ရောင်းချခြင်း မပြု လုပ်ပါဟု ခံဝန် ကတိများ ထိုးခိုင်းလျက် ရှိကြောင်း မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

မရမ်းကုန်း မြို့နယ်ရှိ ဈေးများ တွင်လည်း ကြက်သား ရောင်းချမှုကို ပိတ်ပင် တားမြစ် ထားကြောင်း မရမ်းကုန်း မြို့နယ် အမှတ် (၃) ရပ်ကွက် အတွင်း နေထိုင်သူ တစ်ဦးက ဆိုသည်။ မြန်မာ နိုင်ငံတွင် ၂ဝဝ၆ ခုနှစ်၌ ကြက်တုပ်ကွေး ရောဂါ စတင် ဖြစ်ပွားခဲ့ပြီး၂ဝဝ၈ ခုနှစ် အထိ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်ရာ ယခု တစ်ကြိမ်သည် စတုတ္ထကြိမ် မြောက် ဖြစ်ပွားခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူသို့ ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက် ဖြစ်ပွားမှုမှာ ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ အထိ နိုင်ငံပေါင်း ခြောက်နိုင်ငံတွင် ကြက်ငှက် တုပ်ကွေးရောဂါ (H5N1) လူသို့ ကူးစက် ခံရသူ ၄၇၁ ဦးရှိပြီး ၂၈၂ဦး သေဆုံးခဲ့ကြောင်း အစိုးရ၏ တရားဝင် စာရင်းများ အရ သိရှိ ရသည်။

မော်တော်ယာဉ်အင်ဂျင် ဇုန်အလိုက်တင်သွင်းခွင့်ပြု

ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ အတွက် လိုအပ်သည့် ကားအင်ဂျင် ပစ္စည်း များကို သွင်းကုန် လုပ်ငန်းရှင် ငါးဦး တင်သွင်း ထားသည်များ ထဲမှသာ တစ်ဆင့် ပြန်လည် ဝယ်ယူခွင့် ရနေ ရာမှ ယခုနှစ်တွင် စက်မှု ဇုန်များ အလိုက် တင်သွင်းခွင့် ရရှိပြီ ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာ နိုင်ငံတွင် ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ အတွက် လိုအပ်သော မော်တော်ယာဉ် အင်ဂျင် တင်သွင်း ခွင့်ကို ၂ဝဝ၉ ခုနှစ် နောက်ပိုင်းတွင် တင်ဒါ စနစ်ဖြင့် ရွေးချယ် ခဲ့ရာ ပြည်တွင်း လုပ်ငန်းရှင် ငါးဦးက ရရှိခဲ့ပြီး လိုအပ်သည့် မော်တော်ယာဉ် အင်ဂျင် များ၏ ၂၅ ရာခိုင်နှုန်းကို ၄င်းတို့က တင်သွင်းခဲ့သည်။

သို့ဖြစ်ရာ တင်သွင်းရန် ကျန်ရှိနေသေးသည့် ၇၅ ရာခိုင်နှုန်းအတွက် ဇုံအလိုက် တင်သွင်းခွင့်ကို ယခုနှစ် စပိုင်းတွင် ယခုကဲ့သို့ ပြုခြင်း ဖြစ်သည်။ ''ကိုယ့်ဇုန်က တင်သွင်းတဲ့ အင်ဂျင် ဆိုရင်တော့ တစ်လုံးကို အနည်းဆုံး တစ်သိန်းလောက် သက်သာ သွားမယ်လို့ ထင်တယ်'' ဟု ဒဂုံဆိပ်ကမ်း စက်မှု ဇုန်ရှိ နှင်းကြာဖြူ မော်တော်ကား ထုတ်လုပ်ရေးမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းထွန်း ကပြောကြားသည်။ တစ်ဇုန်ချင်း စီ၏ မော်တော်ယာဉ် ထုတ်လုပ်မှု အရေ အတွက် ပေါ်တွင် မူတည်၍ အင်ဂျင် တင်သွင်းခွင့် အရေအတွက်လည်း တူညီမည် မဟုတ်ကြောင်း၊ ယင်းအင်ဂျင် များကို ၂ဝ၁ဝ ပြည့်နှစ် မတ်လကုန် ပိုင်းတွင် အပြီးသတ် တင်သွင်း ရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ဇန်နဝါရီလ မီးလောင်မှု ရန်ကုန် အများဆုံး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ဝ

မြန်မာ နိုင်ငံ တစ်ဝန်း ၂ဝ၁ဝ ပြည့် နှစ် ဇန်နဝါရီလ အတွင်း မီးလောင်မှုများ ဖြစ်ပွား ရာတွင် ရန်ကုန်တိုင်း သည် မီးလောင်မှု အကြိမ်ရေ အများဆုံး ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာန ထံမှ သိရသည်။ ''ဇန်နဝါရီလမှာ ရန်ကုန်တိုင်း အနေနဲ့ ၁၉ ကြိမ် လောင်ခဲ့တယ်''ဟု မီးသတ် ဦးစီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားသည်။


မြန်မာ နိုင်ငံ တစ်ဝှမ်းတွင် ဇန်န၀ါရီလ အတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုများ တွင် မီးဖိုမီး ၊ ပေါ့ဆမီး ၆၅ ကြိမ် ၊ အလို အလျောက်မီး တစ်ကြိမ် ၊ လျှပ်စစ်မီး ၁၁ ကြိမ် မသမာရှို့မီး ၁၁ ကြိမ် နှင့် တောမီး တစ်ကြိမ် အပါအ၀င် မီးလောင်မှု စုစုပေါင်း ၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှု အကြိမ် အများဆုံး သည် ရန်ကုန်တိုင်း၊ ဒုတိယ အများဆုံးသည် ဧရာဝတီ တိုင်းနှင့် တတိယ အများဆုံးသည် မန္တလေးတိုင်း တို့ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနက ထုတ်ပြန် ထားသည်။ အဆိုပါ မီးလောင်မှု ၈၉ ကြိမ်တွင် မီးဖိုမီး အပါအဝင် ပေါ့ဆမီး ၆၅ ကြိမ်မှာ မီးကို မဆင်မခြင်ပေါ့ဆစွာ သုံးစွဲမှုကြောင့် ဖြစ်ပြီး မီးလောင်မှု အကြိမ် စုစုပေါင်း၏ ၇ဝ ဒသမ ဝ၃ ရာခိုင်နှုန်း အထိ ရှိကြောင်း၊ ဇန်နဝါရီ လတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှု များကြောင့် အိမ်ခြေ အဆောက်အအုံ ၁၃ဝ လုံး မီးလောင် ဆုံးရှုံး ခံရကြောင်း အဆိုပါ ဖော်ပြချက် အရ သိရသည်။

ဒိုင်နာယာဉ်လိုင်းများအစားစီးတီးဘတ်စ်များအစားထိုးမည်

ရန်ကုန်မြို့တွင်း မြို့နယ်များသို့ ပြေးဆွဲ နေသော ဒိုင်နာ ယာဉ်များ နေရာတွင် စီးတီးဘတ်စ် ယာဉ်များ ကို အလျင် အမြန် အစားထိုး ပြေးဆွဲ မည်ဟု ရန်ကုန်တိုင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မ.ထ.သ) မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။''လက်ရှိ ပြေးဆွဲ နေတဲ့ အထူး ယာဉ်တွေ အပြင် နောက်ထပ် အထူးယာဉ် တွေကို ဒိုင်နာတွေ နေရာမှာ အစားထိုး ပေးမှာပါ။ လောလောဆယ် မှာ ဘယ်နှလိုင်း တိုးမယ်၊ အစီးရေ ဘယ်လောက် တိုးမယ်လို့ အတိအကျ မပြောနိုင် ပေမယ့် အလျင်အမြန် အစားထိုး သွားမှာပါ'' ဟု ၄င်းက ပြောကြားသည်။အဆိုပါ ဒိုင်နာယာဉ် လိုင်းများကို ၂ဝ၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ ရန်ကုန်မြို့တွင်း မြို့နယ် များသို့ ဝင်ရောက် ပြေးဆွဲခွင့် ပိတ်ပင်ပြီး လမ်းကြောင်းပြောင်း ပြေးဆွဲ စေကြောင်း ၄င်းက ဆိုသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အတွင်းသို့ ဝင်ရောက် ပြေးဆွဲ မှုကို စတင် ပိတ်ပင် လိုက်ခြင်းနှင့် အတူ မ.ထ.သ လက်အောက်ရှိ အဆိုပါ ဒိုင်နာ ယာဉ်များ ဖြစ်သည့် ၃၄၊ ၃၈ (အနီ၊ အစိမ်း) ၊ ၁၇၁၊၁၉၆၊ ၃၆၊ ၆၃၊ ၃၁ ယာဉ်လိုင်း များသည် ယခင် ပြေးဆွဲ နေသော လမ်းကြောင်းမှ လမ်းကြောင်း ပြောင်းကာ တာမွေမြို့နယ် နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် တို့သို့ အဓိက ဝင်ရောက် ပြေးဆွဲ နေကြောင်း၊ အမှတ် (၃၄) ယာဉ်လိုင်းသည် သာကေတ၊ သုဝဏ္ဏတံတား၊တာမွေ၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ သံသုမာလမ်း၊ မြောက်ဥက္ကလာ၊ အောင်မင်္ဂလာ အဝေးပြေးသို့ လည်းကောင်း၊ (၃၅) အစိမ်းလိုင်းသည် စက်ဆန်း အေဘီစီမှ သုဝဏ္ဏ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဦးဝိစာရလမ်း(မဟာမြိုင်အိမ်ရာ)၊ မြောက်ဥက္ကလာပအဝိုင်း၊ ဈဈေးနှင့် ခြောက်ကွေ့သို့ လည်းကောင်း၊ (၃၈) အနီလိုင်း သည် ဒဂုံမြို့သစ်မြောက်ပိုင်း၊ သုဝဏ္ဏနှင့် တာမွေဗလီသို့ လည်းကောင်း၊ (၃၆) ဒိုင်နာ လိုင်းသည် ဒဂုံမြို့သစ် (မြောက်ပိုင်း)၅ဝကွေ့ မှ ဘေလီ တံတား၊ ရန်ကင်း၊ ဦးချစ်မောင်လမ်း နှင့် တာမွေ ဗလီသို့ လည်းကောင်း ၊(၆၃)ယာဉ်လိုင်း သည် သာကေတ၊ သုဝဏ္ဏ၊ စံပြဈေး၊ သံသုမာလမ်း၊ မြောက်ဥက္ကလာ၊ အောင်မင်္ဂလာ အဝေးပြေးသို့ လည်းကောင်း၊ (၁၇၁) နှင့် (၁၉၆) ယာဉ်လိုင်း သည် ဒါးပိန်မှ တာမွေ ဗလီသို့ လည်းကောင်း နေရာပြောင်း ပြေးဆွဲ နေကြောင်း မ.ထ.သ ထံမှ စုံစမ်း သိရှိရသည်။

မ.ထ.သလက်အောက်ရှိ ယာဉ်လိုင်းများ ဖြစ်သည့် ရွှေအင်းဝ၊ သန်မြန်သူ၊အရှေ့ပိုင်းယာဉ်လိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်း နှင့် မြောက်ပိုင်း စသော ယာဉ်လိုင်းများအတွက် ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီက စီးတီးဘတ်စ် ယာဉ်အစီးရေ ၃ဝဝ ခန့်ကို တင်သွင်းထားခဲ့ပြီး မ.ထ.သရုံးချုပ်သို့ အစီး ၂ဝ၊ အရှေ့ပိုင်း ယာဉ်ပိုင်းကို ၁ဝ စီး၊ အနောက်ပိုင်း ယာဉ်လိုင်းကို အစီး ၂ဝ၊ မြောက်ပိုင်း ယာဉ်လိုင်းကို ၁ဝ စီး၊ တောင်ပိုင်း ယာဉ်လိုင်းကို ၁ဝ စီးနှင့် ပြည်ခိုင်ဖြိုး ယာဉ်လိုင်းကို ၁ဝ စီး လွှဲပြောင်း ထားပေးပြီး ဖြစ်ကြောင်း ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီထံမှ သိရသည်။အဆိုပါ စီးတီးဘတ်စ် ယာဉ်များ သည် ဂျပန်နိုင်ငံမှ ဝင်ရောက် လာသော ယာဉ်များ ဖြစ်သည်။ ။

စံပြဈေးနှင့်ဈေးကြီးအချို့အဆင့်မြှင့်တင်မှုမရှိသေးဟုဆို

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅

ရန်ကုန် မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ ငမိုးရိပ် စံပြ ဈေးကြီးနှင့် အခြားသော ဈေးကြီး အချို့ကို ပြုပြင် ပြောင်းလဲ တည်ဆောက်၍ အဆင့်မြှင့် တင်မှု ပြုလုပ်ရန် အစီအစဉ် မရှိ သေးကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ စံပြဈေး၊ သီရိ မင်္ဂလာဈေး အပါအဝင် ဈေးကြီး အချို့ကို ပြောင်းရွှေ့ ပြုပြင်တည်ဆောက်ခြင်း၊ အဆင့်မြှင့် တင်ခြင်းများ ပြုလုပ်မည်ဟု ပြည်သူများ အကြား သတင်းများ မကြာခဏ ထွက်ပေါ် နေခြင်းနှင့် ပတ်သက်၍ ၄င်းက ယင်းသို့ ပြန်လည် ရှင်းပြခြင်း ဖြစ်သည်။

ဈေးကြီး များကို လတ်တလော တွင် ပြောင်းရွှေ့ခြင်း၊ ဖြိုဖျက်၍ အဆင့်မြှင့် တင်ခြင်း မပြုလုပ သေးသော်လည်း အဓိက ကျသည့် လမ်းမကြီး များ၏ ဘေးရှိ ဈေးပျက်၊ ဈေးဟောင်း များကို အဆင့်မြှင့် တင်မှု တဖြည်းဖြည်း ပြုလုပ် ဆောင်ရွက် သွားမည်ဟု (YCDC) အရာရှိ တစ်ဦးက ဆိုသည်။ ရန်ကုန်မြို့တော် (YCDC) နယ်နိမိတ် အတွင်း အဆင့်မြင့် ဈေးကြီး များနှင့် အခွန် လွတ်ဈေး ၁၁ ဈေး အပါအဝင် ဈေး စုစုပေါင်း ၁၆၈ ဈေးရှိ ကြောင်း (YCDC) ဈေးများ ဌာန၏ စာရင်းများ အရ သိရသည်။

အိမ်မွေး တိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲ နိုင်ငံတကာ ပြိုင်ပွဲဝင် လက်မှတ် ထုတ်ပေး

ရန်ကုန်၊ ဇန်နဝါရီ ၃ဝ

မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ဒသမ အကြိမ်မြောက် နှစ်ပတ်လည် အခမ်း အနားနှင့် ပူးတွဲ ကျင်းပသည့် အိမ်မွေး တိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရ တိရစ္ဆာန်များ အတွက် နိုင်ငံတကာ ပြိုင်ပွဲ များသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် လက်မှတ်များ ထုတ်ပေး ခဲ့ကြောင်း မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက The voice weekly သို့ ပြောကြားသည်။

အိမ်မွေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကို ဇန်နဝါရီလ ၃ဝ ရက်နှင့် ၃၁ ရက်တို့တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ခွေးကောင်ရေ ၆၇ ကောင်၊ အမျိုး အစား ၁၄ မျိုးနှင့် ကြောင် ငါးကောင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲ ဝင်နိုင်သည့် လက်မှတ် ရရှိခဲ့သည့် ခွေးကောင်ရေ ၁၅ ကောင်ခန့်ကို ရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ထံမှ စုံစမ်း သိရှိ ရသည်။

ယင်း ပွဲတွင် Federation of KENNEL Internation အဖွဲ့အစည်း အသိ အမှတ်ပြု နိုင်ငံများ ဖြစ်သည့် ဖိလစ်ပိုင် နှင့် တရုတ်(တိုင်ပေ) တို့မှ လုပ်သက်ရင့် ဒိုင်နှစ်ဦးက ပါဝင် ဆုံးဖြတ်၍ ဆု ရရှိသည့် တိရစ္ဆာန် များကို နိုင်ငံတကာ ပြိုင်ပွဲများသို့ ဆက်လက် ဝင်ရောက် ယှဉ်ပြိုင် နိုင်သည့် အဆင့်မီကြောင်း အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးခဲ့ကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်မည့် အိမ်မွေး တိရစ္ဆာန်များ သွားရောက်ရန်နှင့် ပြိုင်ပွဲချိန် စသည်တို့ကို အသင်းက ချိတ်ဆက် ကူညီ ပေးသွားမည် ဖြစ်ကြောင်း အိမ်မွေး တိရစ္ဆာန် မွေးမြူသူ များအသင်း အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရွှေဆံပင် လမ်း၊ တံတား လှူဒါန်းမှု လမ်း ငါးမိုင်နှင့် တံတား ငါးစင်း တိုးချဲ့ လှူဒါန်း မည်ဟု ဆို

ရန်ကုန် ၊ ဇန်န်နဝါရီ ၂၁

အလောင်းတော်ကဿပ ဘုရားသို့ သွားရာလမ်း ဖြစ်သော လယ်ငေါက် - ချင်းပြစ် ရွှေဆံပင်လမ်း ၊ တံတား လှူဒါန်းမှုတွင် လမ်းငါးမိုင် နှင့် တံတား ငါးစင်း ထပ်တိုး လှူဒါန်း သွားမည်ဖြစ်ကြောင်း အဆိုပါ ရွှေဆံပင် တံတား လမ်းများ လှူဒါန်းမှု အကျိုးဆောင် ဆရာတော် ဦးဝိသုတ္တ က The Voice Weekly သို့ ဇန်န၀ါရီလ ၁၉ ရက်တွင် မိန့်ကြားသည်။

အဆိုပါ ရွှေဆံပင် လမ်း၊ တံတား လှူဒါန်းမှု တွင် ၂ဝဝ၆ ခုနှစ် မတ်လမှ စတင်၍ ၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်း အထိ တံတား၁၂စင်း နှင့် လမ်းပိုင်း ၁၁ မိုင် ဖောက်လုပ် ပြီးစီးပြီ ဖြစ်ကြောင်း၊ မူလ ရည်ရွယ်ချက်မှာ လမ်းပိုင်း ၁၅မိုင်နှင့် တံတား ၁၇စင်း တည်ဆောက် သွားရန် ဖြစ်ကြောင်း ဆရာတော်က ရှင်းပြသည်။ ကျန်ရှိသည့် လမ်း ၁၅ မိုင်နှင့် တံတား ၁၅ စင်းကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်း မူလက ရည်မှန်း ထားသည့် တံတား ၁၇ စင်းနှင့် လမ်းပိုင်း ၁၅ မိုင်ကို ယခု လက်ရှိတွင် ကျောက်လမ်းနှင့် မြေညီလမ်းများ ခင်းကျင်း ထားသော်လည်း နောက်ပိုင်းတွင် ကတ္တရာလမ်း များအထိ လုပ်ဆောင် သွားရန် ရည်ရွယ် ထားကြောင်း ဆရာတော် ဦးဝိသုတ္တက ဆိုသည်။

အိမ်ရာ အဆောက်အအုံ ပြပွဲ ဆောက်လုပ်ရေး ကုမ္ပဏီ ၅ ရာခိုင်နှုန်း သာ ပါဝင် ပြသ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉

ရန်ကုန် မြို့တော်တွင် ဖေဖော် ဝါရီလ ၅ ရက်မှ ၈ ရက် အထိ ပြုလုပ်သော အိမ်ရာနှင့်အဆောက် အအုံ ပြပွဲ ၂ဝ၁ဝ တွင် ဆောက်လုပ်ရေး ကုမ္ပဏီ အနည်းငယ်သာ ပါဝင်ခဲ့ပြီး ယင်းသည် ပြပွဲတွင် ပါဝင် ပြသသည့် ကုမ္ပဏီများ အားလုံး၏ ငါး ရာခိုင်နှုန်း သာရှိ ခဲ့ကြောင်း အဆိုပါ ပြပွဲကို ဦးဆောင် စီစဉ်သည့် IMES ကုမ္ပဏီ လီမိတက်၏ ဈေးကွက်မန်နေဂျာ ဦးကျော်သူအောင် က ပြောကြားသည်။

''ကုမ္ပဏီတွေ အများကြီး ဆိုရင်လည်း ခန်းမက မဆံ့ဘူး။ တကယ် ဝယ်သူနဲ့ အဆင်ပြေ နိုင်မယ့် သူတွေပဲ ဝင်ပြတာ များတယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။ အထက်ပါ ပြပွဲသည် ပုဂ္ဂလိက ကုမ္ပဏီများ စုပေါင်း၍ ပထမဆုံး ကျင်းပခြင်း ဖြစ်ကြောင်း၊ အိမ်ရာနှင့် အဆောက်အအုံ ပြပွဲတွင် ပြခန်းပေါင်း ၁၆ဝ ကျော်၌ ကုမ္ပဏီပေါင်း ၈ဝ က ဝင်ရောက် ပြသခဲ့ကြောင်း၊ ပြပွဲ လာရောက် သူများထံ အဆောက်အအုံ ရောင်းချပေးသည့် ဆောက်လုပ်ရေး ကုမ္ပဏီ လေးခုသာ ဝင်ရောက် ပြသခဲ့ကြောင်း ပြပွဲ ကျင်းပရေး ကော်မတီမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

Naing Group ဆောက်လုပ်ရေး လုပ်ငန်းမှ ဈေးကွက် မန်နေဂျာ ဦး ကျော်ရဲမင်း က အဆိုပါ ပြပွဲတွင် ကုန်ဒို တိုက်ခန်း များကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးသည့် အပေါ် စိတ်ဝင်စားမှု ပိုများပြား ခဲ့ကြောင်း၊ တိုက်ခန်း များထက် ကွန်ဒိုများ ပိုမို ရောင်းချ ရကြောင်း၊ အရစ်ကျ ရောင်းချ ရာတွင် ၄ဝ ရာခိုင်နှုန်း စရန် ပေးသွင်း ရပြီး ၆ဝ ရာခိုင်နှုန်း အရစ်ကျ ခွဲသွင်းရန် သတ်မှတ်ထား သည့်အတွက် ကျပ် သိန်းထောင် ကျော်တန် ကွန်ဒိုများ အရောင်းအဝယ် ဖြစ်ကြောင်း ပြောကြားသည်။ အိမ်ရာနှင့် အဆောက် အအုံ ပြပွဲတွင် ဆောက်လုပ်ရေး ကုမ္ပဏီများ ဖြစ်သည့် Naing Group နှင့် Naing Group ဆောက်လုပ်ရေး၏ လုပ်ငန်းခွဲ ဖြစ်သည့် (Champion၊ Shine ၊ Mother Land နှင့် TigerSupply တို့ ဝင်ရောက် ပြသ ခဲ့သည်။ ကျန်ကုမ္ပဏီ များသည် အိမ်ရာ ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် အိမ်ဆောက် ပစ္စည်း ၊အိမ်တွင်း အလှဆင် ပစ္စည်းများ နှင့် ပရိဘောဂ လုပ်ငန်းတို့ ဖြစ်သည်။ အိမ်ရာနှင့်ကွန်ဒို တည်ဆောက် ရာတွင် ရင်းနှီး မြှုပ်နှံမှု အများအပြား ပြုလုပ် ထားသည့် ပြည်တွင်း ကုမ္ပဏီ ကြီးများ ပါဝင် ပြသခြင်း မရှိသည်ကို တွေ့ရသည်။