Thursday, February 18, 2010

ရန်ကုန်-မော်လမြိုင်ကျွန်း အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်း စတင် ပြေးဆွဲ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃

ရေလမ်း ခရီးဖြင့်သာ သွားလာ၍ ရသော ရန်ကုန်- မော်လမြိုင်ကျွန်း ခရီးစဉ်ကို ဖေဖော် ဝါရီလ ၁ ရက်မှ စတင်၍ ခရီးသည် တင် အဝေးပြေး ယာဉ်လိုင်းများ စတင် ပြေးဆွဲ ပေးလျက် ရှိကြောင်း မော်လမြိုင် ကျွန်းမှ ရန်ကုန်သို့ မော်တော်ယာဉ် စီးလာသူ ခရီးသည် တစ်ဦးက ပြောကြားသည်။ မော်လမြိုင် ကျွန်းမြို့မှ ဇက်ဆိပ်သို့ မော်တော် ယာဉ်ဖြင့် ပို့ပေးပြီး ယင်းမှ တစ်ဆင့် ဇက်နှင့် ကူးကာ တစ်ဖက်ကမ်း မော်တော်ယာဉ် ဂိတ်သို့ ထပ်မံ သွားရောက် ရကြောင်း၊ ယင်းမှာ စုစုပေါင်း ကြာချိန် နာရီဝက် ခန့်သာ ရှိကြောင်း၊ ပြေးဆွဲ ပေးသည့် မော်တော်ယာဉ် အမည်မှာ အောင်ချမ်းသာ ဖြစ်ပြီး မော်လမြိုင် ကျွန်း၊ ကျုံမငေး၊ ဝါးခယ်မ၊ ကျွန်းကုန်း၊ ရွှေလောင်း စသည် မြို့များသို့ ဖြတ်သန်း သွားရကြောင်း၊ မော်လမြိုင် ကျွန်းမြို့မှ ရန်ကုန်သို့ ရောက်ရန် စုစုပေါင်း ကြာချိန် ခြောက်နာရီ ခန့်ရှိကြောင်း၊ အဆိုပါ မော်တော်ယာဉ် လိုင်းကို မော်လမြိုင် ကျွန်းမြို့နှင့် ရန်ကုန်မြို့ တို့မှ နံနက် ၅ နာရီ ခွဲနှင့် ည ၉ နာရီ အချိန်များတွင် ထွက်ခွာ ပြေးဆွဲ ပေးလျက် ရှိကြောင်း၊ မော်တော်ယာဉ် စီးခကို ခရီးသည် တစ်ဦးလျှင် ၄ဝဝဝ ကျပ် သတ်မှတ် ပေးထားကြောင်း ၄င်းက ဆိုသည်။

မော်လမြိုင် ကျွန်းမြို့တွင် ရာဇူဒိုင် တံတား အမှတ်(၂) ကို ဇန်နဝါရီလ ၉ရက်က စတင် ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်ပြီး ရာဇူဒိုင်တံတား အမှတ် (၁) ကို ဆက်လက် ဆောက်လုပ်ဆဲ ဖြစ်ကြောင်း၊ ရန်ကုန်-မော်လမြိုင်ကျွန်း ရေလမ်း ခရီးသည် မိုင် ၁ဝဝ ခန့်ရှိပြီး ပြည်တွင်း ရေကြောင်း ရေယာဉ်ဖြင့် သွားပါက အချိန်၁ဝ နာရီ ကြာမြင့်ကာ ရှပ်ပြေး အမြန် ရေယာဉ်ဖြင့် သွားပါက ကြာချိန် ငါးနာရီ ခန့်သာ ရှိကြောင်း၊ ရန်ကုန်-မော်လမြိုင်ကျွန်း ကုန်းလမ်း ခရီးသည် ၉၆ မိုင်ခန့် ရှိကြောင်း မော်လမြိုင်ကျွန်း မြို့ရှိ စီးပွားရေး လုပ် ငန်းရှင် တစ်ဦးက ဆိုသည်။

0 comments:

Post a Comment