Tuesday, February 16, 2010

မြန်မာနိုင်ငံတွင် ပထမဆုံး အဖြစ် Artist-in-Residency Program စတင်မည်

သတင်း ဆောင်းပါး - မှော်ဇာ

ရန်ကုန်မြို့ရှိ New Zero Art Space သို့ နိုင်ငံ တကာမှ အနုပညာရှင် များကို လစဉ် ဖိတ်ခေါ်၍ မြန်မာ့ ယဉ်ကျေးမှု အနုပညာ ကို လေ့လာခြင်း၊ မြန်မာ အနုပညာ ရှင်များ နှင့် အနုပညာ ရေးရာများ ဖလှယ်ခြင်းစသည်တို့ပါဝင်သော Artist - in - Residency Program ကို မြန်မာနိုင်ငံ အတွက် ပထမဆုံး အဖြစ် ၂ဝ၁ဝ ဖေဖော်ဝါရီ လမှ စတင် တော့မည် ဖြစ်ကြောင်း New Zero Art Space ၏ ဒါရိုက်တာ ဦးအေးကိုက ပြောကြားသည်။

ရွေးချယ် ခံရသူ အနုပညာရှင်သည် မိမိနိုင်ငံမှ မြန်မာနိုင်ငံသို့ အသွားအပြန် လေယာဉ် လက်မှတ်၊ ရန်ကုန်မြို့တွင် တစ်လ တည်းခိုရန် နေရာ၊ ယင်း တစ်လ အတွင်း နေထိုင်၊ စားသောက်၊ သွားလာ စရိတ်များ အပြင် နေထိုင်စဉ် ကာလ အတွင်း အနုပညာ လက်ရာများ ဖန်တီးရန် စတူဒီယို၊ လိုအပ်သော ပစ္စည်းစရိတ် (Material Fees) နှင့် ပြပွဲ ပြုလုပ်ရန် ပြခန်းနေရာ တစ်ခု ရရှိမည် ဖြစ်သော ယင်း Program အကြောင်းကို New Zero အစီအစဉ်ဖြင့် ကမ္ဘာတစ်လွှားမှ အနုပညာ အင်တာနက် သတင်း Website များ၊ နိုင်ငံအချို့ရှိ ယဉ်ကျေးမှုနှင့် အနုပညာ ဌာနများ၏ Website များတွင် ၂ဝဝ၉ ခုနှစ် ဇူလိုင်လ ခန့်မှ စတင် ဖော်ပြခြင်း ခံရပြီးနောက် လျှောက်လွှာ လက်ခံကာလ ဖြစ်သော၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ သုံးလတာ ကာလအတွင်း အနုပညာ ရှင်ပေါင်း ၂ဝဝကျော် လျှောက်လွှာ တင်သွင်း ခဲ့ကြကြောင်း ဦးအေးကိုက ရှင်းပြသည်။

လျှောက်ထားသူ များတွင် ဓာတ်ပုံ၊ ဗီဒီယို၊ အက၊ ဂီတ၊ ဂျပ်ဇ်ဂီတ၊ တပ်ဆင်မှု အနုပညာ၊ တင်ဆက်မှု အနုပညာ စသော နယ်ပယ်ရပ် များမှ အနုပညာရှင် များပါဝင်ပြီး ဂျပ်ဇ်ဂီတ၊ ဇာတ်ရုံ အနုပညာ (Theatre Art) နှင့် ကြွေထည် ဖန်တီးမှု အနုပညာ (Ceremic Art) ရှင်များ အတွက်မူ စတူဒီယိုနှင့် ကိရိယာ မပြည့်စုံမှု အခက်အခဲအချို့ရှိသောကြောင့် မရွေးချယ်ရန် စဉ်းစားထားကြောင်း၊ တစ်လလျှင် အနုပညာရှင် တစ်ဦး၊တစ်နှစ်ပတ်လုံး အတွက် အနုပညာရှင်၁၂ ဦးကို New Zero Art Space ၏ ဘုတ်အဖွဲ့နှင့် ၄င်း၏ နိုင်ငံတကာမှ အနုပညာ ရေးရာ အကြံပေးသူ များက လာမည့် ဆယ်ရက် အတွင်း အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း ဦးအေးကို ထံမှ သိရသည်။

မြန်မာ့ ပထမဆုံး Residency Program ကို စတင်ရန် New Zero Art Space သို့ ငွေကြေး အထောက်အပံ့ ပေးသော Prince Claus Fund မှာ နယ်သာလန် နိုင်ငံ အခြေစိုက် ဒတ်ခ်ျအဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အာဖရိ၊ အာရှ၊ လက်တင် အမေရိက နှင့် ကရစ်ဘီယန် ဒေသနိုင်ငံ များရှိ ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ လုပ်ဆောင်ကြသည့် အသင်းအဖွဲ့ များနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းကို နှစ်စဉ် ထောက်ပံ့နေသော အဖွဲ့အစည်း ဖြစ်သည်။

''ဒီအစီအစဉ် တစ်နှစ်တာ အတွက် Prince Claus က ထောက်ပံ့တာပါ။ လေယာဉ် လက်မှတ်ကို အဲဒီ ဖောင်ဒေးရှင်းက Artist ကို လေယာဉ် လက်မှတ်ခ ပေးတယ်။ ကျွန်တော်တို့က စတူဒီယိုတို့၊ ပြခန်းနေရာတို့ စီစဉ် ပေးရတာပေါ့။ တချို့လူတွေ ကျတော့လည်း သူ့စရိတ် နဲ့သူ လာမယ်။ သူတို့ အစိုးရရဲ့ ထောက်ပံ့ စရိတ်နဲ့ လာမယ့် သူတွေလဲ ရှိတယ်။ ကျွန်တော်တို့ ဘက်က အနုပညာရှင် တစ်ယောက်နဲ့ သူနဲ့ တွဲပြီး ပြပွဲလုပ်မယ်။ Workshopတွေ လုပ်မယ်။ အဲလို အတူတွဲပြီး လုပ်တဲ့ အခါကျတော့ တစ်ယောက် အိုင်ဒီယာ တစ်ယောက် ဖလှယ်ခွင့် ရမယ်။ အိုင်ဒီယာ အသစ်တွေ ရလာမယ်။ ပိုပြီးတော့ ပွင့်လင်းလာမယ်။ အဲဒီ ရည်ရွယ်ချက် တွေနဲ့ လုပ်ခဲ့တာပါ'' ဟု ဦးအေးကိုက ဆက်လက် ရှင်းပြသည်။

ဖေဖော်ဝါရီ လတွင် ဂျပန်နိုင်ငံမှ အင်စတော်လေးရှင်းနှင့် ပါဖောင်းမန့်စ် အနုပညာရှင် အမျိုးသမီး ခဒိုခုရမီဒိုရီ (Kadokura Midori) က Artist-in-Residency Program ဖြင့် စတင် လာရောက်မည် ဖြစ်ကြောင်း၊ လူငယ် အနုပညာရှင် မီဒိုရီသည် ၂ဝဝ၇ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Musashino အနုပညာ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် ဗီယက်နမ်၊ မလေးရှား၊စင်ကာပူ၊ ချီလီနှင့် ဖိလစ်ပိုင် နိုင်ငံများ၌ ပါဖောင်းမန့်စ် လက်ရာများ ပြသခဲ့သူ ဖြစ်သည်။


''Residency က အမျိုးမျိုး ရှိတယ်။ ဟိုက By Name နဲ့ ခေါ်တာ ရှိတယ်။ နောက်ပြီး သူတို့က ခေါ်လို့ သူတို့ဆီ လျှောက်လွှာ တင်ပြီး အရွေး ခံရရင် စရိတ်ငြိမ်း နေဖို့၊ စားဖို့ Material Fees Studio အကုန်ပေးတယ်။ အကုန် မပေးတာလည်း ရှိတယ်။ တချို့ကျတော့ တိုင်းပြည်ရဲ့ အစိုးရက ထောက်ပံ့လို့ ဥပမာ တရုတ်က Artist ဆိုရင် တရုတ် အစိုးရက ထောက်ပံ့တယ်။ ကိုရီးယားက Artist ဆိုရင် ကိုရီးယား အစိုးရက ထောက်ပံ့တယ်။ တခြား ပြည်ပ နိုင်ငံတွေမှာ ဒီလို Residency သွားနေနိုင် ဖို့ပေါ့။ အဲလိုမဟုတ်ရင်လည်း ဖောင်ဒေးရှင်းက ထောက်ပံ့တယ်။ တချို့ ကျတော့လည်း ကိုယ့်စရိတ် နဲ့ကိုယ် သွားနိုင်တော့ သွားကြတယ်။ ခုလာမယ့် လူတွေထဲမှာ လေယာဉ်ပျံ လက်မှတ် ပေးရမယ့် လူတွေ ရှိသလို မပေးရတဲ့ လူတွေလည်း ရှိတယ်။ စားဖို့ သောက်ဖို့ပဲ ပေးရတဲ့ လူလည်း ရှိတယ်။ ဟိုတယ်ခရော အကုန် ကိုယ့်စရိတ် နဲ့ကိုယ် ဒီကို လာမယ့် လူတွေလည်း ရှိတယ်''ဟု ၂ဝဝ၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ သုံးလတာ Residency သွားရောက်ခဲ့သူ ပန်းချီပညာရှင် ဦးအေးကိုက ထပ်မံ ရှင်းပြသည်။

''လွန်ခဲ့တဲ့ ဆယ်နှစ်တာ ကာလတုန်း ကတော့ ကျွန်တော်တို့က သူများ နိုင်ငံကို သွားချင်လို့ လှမ်းလျှောက်ရတာ။ ခု သူတို့က ကျွန်တော်တို့ နိုင်ငံကို လာချင်လို့ လှမ်းလျှောက် ရတာပေါ့'' ဟု ရန်ကုန်မြို့ရှိ ကျော်ကြားသော မော်ဒန် ပန်းချီဆရာ တစ်ဦးက မှတ်ချက်ချသည်။ Artist-in-Residency Program များသည် ၁၉ဝဝ ပြည့်လွန် နှစ်များတွင် အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ်ရှိ အနုပညာ အဖွဲ့အစည်း နှစ်ခုမှ စတင်ခဲ့ပြီး ဒုတိယလှိုင်း အဖြစ် ၁၉၆ဝတွင် အမေရိကန်နှင့် ဥရောပ နိုင်ငံများ၌ အားကောင်းသော အနုပညာ လှုပ်ရှားမှုများ အဖြစ် တိုးတက် လာခဲ့သည်။ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်မြင့်ကာလ ၁၉၉၁ တွင် ဘရာဇီး မှသည် ထိုင်ဝမ် အထိ၊ အက်စတိုးနီးယား မှသည် ဇမ်ဘီယာ၊ ဂျပန် မှသည် ဗီယက်နမ် တို့အထိ ကျယ်ပြန့် လာခဲ့ပြီး ယခု အချိန်တွင်မူ အနုပညာရှင် များသည် စီးပွားရေး လုပ်ကိုင်သူများ ကဲ့သို့ပင် လေယာဉ် ခရီးစဉ်ဖြင့် ကမ္ဘာအနှံ့ သွားလာ နေကြပြီ ဖြစ်သည်။

အဆိုပါ အစီအစဉ် အရ စိတ်ဝင်စားသူ မည်သည့် နိုင်ငံမှ အနုပညာရှင် မဆို မြန်မာနိုင်ငံသို့ လာရောက် နိုင်မည် ဖြစ်သည်။

မှော်ဇာ

0 comments:

Post a Comment