Thursday, February 18, 2010

အိမ်ရာ အဆောက်အအုံ ပြပွဲ ဆောက်လုပ်ရေး ကုမ္ပဏီ ၅ ရာခိုင်နှုန်း သာ ပါဝင် ပြသ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉

ရန်ကုန် မြို့တော်တွင် ဖေဖော် ဝါရီလ ၅ ရက်မှ ၈ ရက် အထိ ပြုလုပ်သော အိမ်ရာနှင့်အဆောက် အအုံ ပြပွဲ ၂ဝ၁ဝ တွင် ဆောက်လုပ်ရေး ကုမ္ပဏီ အနည်းငယ်သာ ပါဝင်ခဲ့ပြီး ယင်းသည် ပြပွဲတွင် ပါဝင် ပြသသည့် ကုမ္ပဏီများ အားလုံး၏ ငါး ရာခိုင်နှုန်း သာရှိ ခဲ့ကြောင်း အဆိုပါ ပြပွဲကို ဦးဆောင် စီစဉ်သည့် IMES ကုမ္ပဏီ လီမိတက်၏ ဈေးကွက်မန်နေဂျာ ဦးကျော်သူအောင် က ပြောကြားသည်။

''ကုမ္ပဏီတွေ အများကြီး ဆိုရင်လည်း ခန်းမက မဆံ့ဘူး။ တကယ် ဝယ်သူနဲ့ အဆင်ပြေ နိုင်မယ့် သူတွေပဲ ဝင်ပြတာ များတယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။ အထက်ပါ ပြပွဲသည် ပုဂ္ဂလိက ကုမ္ပဏီများ စုပေါင်း၍ ပထမဆုံး ကျင်းပခြင်း ဖြစ်ကြောင်း၊ အိမ်ရာနှင့် အဆောက်အအုံ ပြပွဲတွင် ပြခန်းပေါင်း ၁၆ဝ ကျော်၌ ကုမ္ပဏီပေါင်း ၈ဝ က ဝင်ရောက် ပြသခဲ့ကြောင်း၊ ပြပွဲ လာရောက် သူများထံ အဆောက်အအုံ ရောင်းချပေးသည့် ဆောက်လုပ်ရေး ကုမ္ပဏီ လေးခုသာ ဝင်ရောက် ပြသခဲ့ကြောင်း ပြပွဲ ကျင်းပရေး ကော်မတီမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

Naing Group ဆောက်လုပ်ရေး လုပ်ငန်းမှ ဈေးကွက် မန်နေဂျာ ဦး ကျော်ရဲမင်း က အဆိုပါ ပြပွဲတွင် ကုန်ဒို တိုက်ခန်း များကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးသည့် အပေါ် စိတ်ဝင်စားမှု ပိုများပြား ခဲ့ကြောင်း၊ တိုက်ခန်း များထက် ကွန်ဒိုများ ပိုမို ရောင်းချ ရကြောင်း၊ အရစ်ကျ ရောင်းချ ရာတွင် ၄ဝ ရာခိုင်နှုန်း စရန် ပေးသွင်း ရပြီး ၆ဝ ရာခိုင်နှုန်း အရစ်ကျ ခွဲသွင်းရန် သတ်မှတ်ထား သည့်အတွက် ကျပ် သိန်းထောင် ကျော်တန် ကွန်ဒိုများ အရောင်းအဝယ် ဖြစ်ကြောင်း ပြောကြားသည်။ အိမ်ရာနှင့် အဆောက် အအုံ ပြပွဲတွင် ဆောက်လုပ်ရေး ကုမ္ပဏီများ ဖြစ်သည့် Naing Group နှင့် Naing Group ဆောက်လုပ်ရေး၏ လုပ်ငန်းခွဲ ဖြစ်သည့် (Champion၊ Shine ၊ Mother Land နှင့် TigerSupply တို့ ဝင်ရောက် ပြသ ခဲ့သည်။ ကျန်ကုမ္ပဏီ များသည် အိမ်ရာ ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် အိမ်ဆောက် ပစ္စည်း ၊အိမ်တွင်း အလှဆင် ပစ္စည်းများ နှင့် ပရိဘောဂ လုပ်ငန်းတို့ ဖြစ်သည်။ အိမ်ရာနှင့်ကွန်ဒို တည်ဆောက် ရာတွင် ရင်းနှီး မြှုပ်နှံမှု အများအပြား ပြုလုပ် ထားသည့် ပြည်တွင်း ကုမ္ပဏီ ကြီးများ ပါဝင် ပြသခြင်း မရှိသည်ကို တွေ့ရသည်။

0 comments:

Post a Comment